Thursday, October 11, 2018
ကျွန်ုပ်၏အထက်တန်းကျောင်းသားဘ၀ ...
ထိုင်တော့ နောက်ဆုံးတန်းကဖြစ်၏။
ဘလိုက်ဘုတ်ကစာကို မမြင်ရ၍ဘေးနားက သူငယ်ချင်းဆီက ကူးရ၏။
ကိုယ့်ကိုကိုယ် မှုန်နေပြီဆိုတာတော့သိ၏။
မျက်မှန်တပ်ရမှာလည်းရှက်၏။ နဂိုကမှ ရုပ်ကမဖြောင့်သည်မဟုတ်ပါလော။
မိဘတွေကလည်းကိုယ့်အလုပ်နှင့်ကိုယ်မို့ သတိမထားမိကြ။
သတိထားမိချိန်က Report Card တွင်လက်မှတ်ထိုးပေးချိန်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သချာင်္မှာ သုည ထွက်နေ၍ဖြစ်၏။
အဖေကဆူတော့ ဘာတဲ့ ““ သား ဘာမှ မမြင်ရဘူးအဖေ ”” ဟူ၍ မအီမလည်သံကြီးထွက်လာ၏။
တစ်ခါကလည်း အဖိုးဖြစ်သူက မျက်စိမှုန်၍ မြေးဖြစ်သူကို အဖော်ခေါ်ကာမှ မြေးကလည်းမှုန်နေ၏။
မြို့ထဲမှာ လမ်းနာမည်ဖတ်တော့ မမြင်မစမ်းနှင့် ဒီလမ်းပဲဟုပြောလိုက်၏။ တိုက်နံပါတ်အတိုင်း တက်ကြသော် အလွဲကြီးလွဲကာ လင်မယားရန်ဖြစ်နေသဖြင့် ကံကောင်း၍ပြေးမဆင်းရုံတမယ်ရှိ၏။အဖေဖြစ်တဲ့သူက မနက်ခင်း ရန်ကင်းမှာ မုန့်ဟင်းခါးသွားဝယ်၏။ အဖော်ခေါ်လာသောသားဖြစ်သူ မှုန်နေသည်ကို မသိရှာ၊ အမြန်ယာဉ် ဟိုင်းလတ်ကားလာသော် လုတက်ရမည်မို့ အဝေးကပင် ကားနံပါတ်ကိုကြည့်ခိုင်း၏။ အတော်ကိုချွေးပြန်၏။ အဲ့ အင်း နှင့်ပင် ကားက အနားရောက်လာ၏။
အစ်ကိုကြီးဖြစ်သူက ဘားလမ်းက သမ၀ါယမဆိုင်မှာ မျက်မှန်လိုက်လုပ်ပေး၏။
ဘာပဲဖြစ်ဖြစ် အတော်ဝမ်းသာ၏။
ရယ်ကျဲကျဲဖြင့် ပါးစပ်တောင်မစိနိုင်ပြီ။ မမြင်ရတာတွေ သဲကွဲစွာမြင်တွေ့လာလို့ဖြစ်၏။
အစ်ကိုကြီးကတော့ အောင်နိုင်သူ၏ အပြုံးမျိုးဖြင့် ““ ငါ့တုန်းကလည်း ဒီအတိုင်းပဲ ”” ဟုပြော၏။
ဤအချိန်မှ စ၍ မျက်မှန်လေးကို ပင့်ကာပင့်ကာဖြင့် မှန်ကြောင် ဘ၀ ရောက်ခဲ့ရလေသတည်း။
မှတ်ချက် ။ ။ တစ်မျိုးလုံးမျက်မှန်နှင့်ဖြစ်၏။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment