Wednesday, October 31, 2018

LAN နှင့် Internetwork


အခုပြောပြမယ့်အကြောင်းအရာကတော့ LAN ဆိုတဲ့ (Local Area Network) နဲ့ (Internetwork) တို့ရဲ့ကွာခြားချက်ကိုပြောပြမှာပါ။ ဆိုလိုတာက Internetwork ဆိုတာ ဘယ်လိုမျိုးဖြစ်ပေါ်လာသလဲ။ နောက်ပြီး (LAN) Network နဲ့ ဘယ်လိုမျိုးဆက်နွယ်ပတ်သက်သလဲဆိုတာပါ။ကဲ...ဒီတော့ ပထမဦးဆုံးဖြစ်တဲ့ (Network) တစ်ခုကိုပြောပြပေးပါ့မယ်။ ၎င်းက ဘာကိုဆိုလိုတာလဲဆိုတာပေါ့။
ကဲ...ဒီတော့ အောက်မှာ Networkတစ်ခုရဲ့ပုံကို ဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ကြည့်ပါ။









ကဲ...အပေါ်မှာသင်သည် Network တစ်ခုကို တွေ့မြင်ရပါလိမ့်မယ်။ ၎င်း Network သည် 192.168.10.0 ဆိုတဲ့Network နဲ့ကိုယ်စားပြုပါတယ်။ အဲဒီတော့ ၎င်း Network ထဲမှာ ကွန်ပျူတာအလုံးရေ 254 လုံးအထိ အသုံးပြုလို့ရပါတယ်။
ကောင်းပြီ။ အပေါ်မှာပြောပြခဲ့တာက Network တစ်ခုထဲနော်။ အောက်ကပုံမှာ Internetwork ပုံကို
ဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ကြည့်ပါ။













ကဲ...အပေါ်ကပုံမှာကတော့ Network (၃) ခုရှိနေတယ်။ ၎င်း Network (၃) ခုကိုအတူတကွပေါင်းစည်းပေးဖို့ရန်အတွက် Device တစ်ခုလိုအပ်လာပါပြီ။ ၎င်း Device ရဲ့ Name က Router ပဲ ဖြစ်ပါတယ်။ ၎င်း Routerတွေက မတူတဲ့ Network တွေအကြား၊အချင်းချင်းချိတ်ဆက်မိနေစေရန်အတွက် Routing Protocol တွေ၊ Routing Table တွေကို အသုံးပြုပြီး ချိတ်ဆက်ပေးကြပါတယ်။ ၎င်း Router ကို အသုံးပြုပြီး Network အချင်းချင်းချိတ်ဆက်ပေးလိုက်တာကို (Internetwork) လို့ခေါ်ပါတယ်။ အခုကျွန်တော်တို့ပြောနေကြတဲ့ Internetဆိုတာက ၎င်း Internetwork ကနေမှတစ်ဆင့် ဆင်းသက်လာတာ ဖြစ်ပါတယ်။
အမှန်တကယ်တမ်းတော့ ၎င်း Internetwork ဆိုတာသည် မတူညီတဲ့ Network တွေကို အတူတကွ
ချိတ်ဆက်ထားတာကို ဆိုလိုခြင်းဖြစ်ပါတယ်။



Sunday, October 28, 2018

Networking သမားများကိုင်ဆောင်ထားရမည့် Tools များ


ကျွန်တော်တို့တွေ Networking လောကထဲကို တစ်ကိုယ်လုံးပစ်ဝင် အဲ..ခြေစုံပစ်ဝင်လိုက်ပြီ။ ဒါနဲ့ပဲ အလုပ်လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့တွေ မသိမဖြစ်၊ မဆောင်ထားရင်မဖြစ်တဲ့ Tools တွေရှိပါတယ် ဒါတွေမသိရင်ရောတဲ့.. ကဲဒါတွေမသိထားရင် မသုံးတတ်ရင် Network သမားချင်းအတူတူ သင်က နောက် ကောက်ကျကျန်ခဲ့မှာပဲပေါ့။ ဒါ့အပြင် နိုင်ငံရပ်ခြားမှာ သွား အလုပ်လုပ်တဲ့အခါ ဒီလို Tools တွေ မသိတဲ့အခါကျတော့ "မင်းတို့မြန်မာတွေ.. ဒါလေး တောင်မသိတာ...ပိန်းတယ်ကွာ.."ဆိုပြီး အပြောခံရမှာပေါ့။ကျွန်တော်တို့ မြန်မာတွေကိုလည်း အထင်သေးတာပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်တို့ သင်တို့တွေအားလုံး နောက်ကောက်မကျရ အောင်၊ မြန်မာတွေကမ္ဘာမှာရင်ပေါင်တန်းနိုင်အောင် ဒီToolsတွေကို လေ့လာရပါမယ်။ စကား ကြီးစကားကျယ်ပြောတယ် မထင်ပါနဲ့ဗျာ။ ကျွန်တော်တကယ်ပြောတာပါ။ ဟုတ်ပါပြီ။ အခုဒီမှာ Tools တွေကို တစ်မျိုးစီရှင်းလင်းပြသွားပါမယ်။

(၁) Continuity Tester (Cable Tester or IP Network Tester) 

ဒီကောင်လေးကတော့ Electronic Device လေးပါပဲ။ Cable တွေတစ်ခု၊ ဒါမှမဟုတ် Wire ကြိုးတစ်ခုဟာConnection အဆက်မပြတ်မိနေရဲ့လား ဆိုတာကို စစ်ဆေးပေးနိုင်ပါတယ်။ ဒါ့အပြင် Connection မိနေရင်လည်းကြားမှာအနှောင့်အယှက်ဝင်၊ မ၀င်ကအစ စစ်ဆေးပေး နိုင်ပါတယ်။

Cable Tester ကို ပုံစံအမျိုးမျိုးနဲ့တွေ့နိုင်ပါတယ်။











(၂) Crimping Tools
ဒီ Tools ကတော့ Network Professional တွေပဲဖြစ်ဖြစ်၊ Network Beginers ပဲဖြစ်ဖြစ်၊ Network
လောကထဲကို အခုမှအူဝဲဆိုပြီး စ၀င်လာတဲ့သူတွေတောင် သိကြတဲ့ Tools ပါ။ ဒီကောင်က အရမ်းကိုအသုံးများပါတယ်။ Network ကြိုးခေါင်းညှပ်တဲ့နေရာမှာလည်း သုံးလို့ ရတယ်။








ဒါ့အပြင် All in one Crimping Tool ဆိုရင် ခေါင်းညှပ်ရုံတင်မကဘူး။ ကြိုးဖြတ်တာ၊ ကြိုး Shield တွေ ခွာတဲ့ အခါကျရင်လည်း သုံးလို့ရသေးတယ်လေ။
(၃) Punch Down

သူ့ကို Punch Down Tool အပြင်၊ Krone Tool လို့လည်း ခေါ်သေးတယ်ဗျ။ ဒီကောင့်ကို ကျတော့ Female Jack တွေ လုပ်တဲ့နေရာမှာ Wire ကြိုးကို ထိုးသွင်းဖို့အတွက် သုံးပါတယ်။







တစ်ခါတစ်လေကျရင် Punch Down Tool ထဲမှာ Cutter ရယ်၊ Cable Stripper Tool ရယ်ကိုပါရောပေးထားသေးတယ်ဗျ။







(၄) Cable Stripper/ Cutter
ကျွန်တော်တို့ Network ကြိုးညှပ်ဖို့အတွက် အရင်ဆုံးဘာလုပ်ရလဲသိလား။ Cable အတွင်း ထဲက Wireတွေကို ထုတ်ယူဖို့အတွက် Cable ပေါ်က Shield ကို ခွာယူရမယ်လေဗျာ။ မေ့သွားပြီလား။ အဲဒီလို Shield ကိုခွာယူဖို့၊ Cable တွေဖြတ်ဖို့အတွက် အခု Cable Stripper/ Cable Cutter ကို အသုံးပြုနိုင်ပါတယ်။








(၅) Cable Qualification Tester

ဒီ Tester ကိုသုံးပြီးတော့ ကျွန်တော်တို့သုံးနေတဲ့ Cable တွေက Qualify ဖြစ်၊ မဖြစ်ကို စစ်ဆေးလို့ ရမှာပါ။
သင်သုံးနေတဲ့ Cable မှာ Voice တို့၊ VOIP တို့၊ Gigabit Ethernet တို့ကို Support ပေးနိုင်တဲ့ Bandwidthရှိသလားဆိုတာကိုလဲ စစ်ပေးနိုင်မယ်။ စစ်ကြည့်လိုက်တဲ့ အခါမှာ တကယ်လို့ Support လုပ်မပေးနိုင်ဘူးဆိုရင်လဲ ဘာကြောင့် လုပ်မပေးနိုင်လဲ ဆိုတာကို ပြပေးပါတယ်။ Cable တစ်ကြိုးရဲ့အဆုံး တစ်ဖက်မှာ ဘယ်လို Device မျိုးရှိသလဲ၊ Device ကိုဘယ်လို Configure ချထားလဲကအစ Switch တွေမှာဆို ပြန်သုံးနိုင်တဲ့ Port တွေကိုရှာတာ၊ နောက်ပြီး Cable တွေအမျိုးမျိုးကို စစ်တာကအဆုံး သူကပြည့်ပြည့်စုံစုံကို လုပ်ပေးနိုင်ပါတယ်။









(၆) Cable Ticker နှင့် Staples Tools
တကယ်တမ်းအပြင်မှာ Network ကြီးကြီးမားမားဆင်တယ်ဆိုရင် သေချာတယ်။ Network ကြိုးတွေဆိုတာမှလေ... ဖောချင်းသောချင်းပဲ။ အဲဒီလောက်များတဲ့Cable တွေကို ဒီတိုင်းထား လိုက်ကတော့ဆရာ.. Fault တစ်ခုခုဖြစ်လို့ဘယ်ကဖြစ်သလဲရှာရပြီဆိုတာနဲ့ ဟာ...ဟာ... ပျားတုတ်တဲ့အတိုင်းသာဖြစ်တော့မှာပဲ။ ဒါကြောင့် Cable တွေကို စနစ်တကျထားဖို့၊ Lable တွေတပ်ဖို့အတွက် ဒီ Tools တွေကိုသုံးရပါတယ်။







ဒီ Tools တွေက ကျွန်တော်တို့တွေ စာရွက်ချုပ်တဲ့ Stapler ကို သိတယ်မဟုတ်လား။ အဲဒါနဲ့ တူတယ်ဗျ ကိုင်း...ဟုတ်ပါပြီ။ သင်သိထားသင့်တဲ့ Networking Tools တွေကတော့ ဒါတွေ ပါပဲ။ အခုတော့ ဘယ်ဘက်ကစမ်းစမ်း... ညာဘက်ကစမ်းစမ်း... ဘာတဲ့လဲ။ အဲ... တစ်ခြား မတွေးနဲ့နော်။ ကျွန်တော်ပြောပြချင်တာက ဘယ်လိုစမ်းစမ်း ကြိုက်တာမေးစမ်း သင်တွေ့ဖူး တယ်၊ သင်သိနေတယ်လို့ဖြေလို့ရနိုင်တာပေါ့လို့ ပြောမလို့ပါ
ဟဲ ဟဲ။အရာရာအဆင်ပြေပါစေဗျာ…..။





Saturday, October 27, 2018

Network နှင့်ပတ်သက်သောအခြေခံဗဟုသုတများ

ကျွန်တော်တို့ ယနေ့အချိန်အခါမှာ Computer တွေ တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက် ကြတယ်ဆိုတာဟာ အထူးအဆန်း ခက်ခဲတဲ့ကိစ္စတွေ မဟုတ်ကြတော့ပါဘူး။ Computers တွေတစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်နိုင်ဖို့ဆိုတာဟာလည်း ပစ္စည်းကိရိယာတွေ နည်း ပညာတွေတိုးတက် ကျယ်ပြန်လာတာနဲ့အမျှ ယခင်တုန်းကလို ပညာရှင်ကြီးတွေကို အားကိုး တစ်ကြီးဖိတ်ခေါ်ပြီး ခက်ခက်ခဲခဲအကုန်အကျများများ အသုံးပြုရလောက်အောင် မခက်ခဲတော့ ပါဘူး။ အဲ ဆောရီးနော် Network လေး တွေကိုပြောတာ။ ကိုယ်ချိတ်မယ့် Network ရဲ့ အမျိုး အစား၊ အသုံးပြုမယ့်နေရာ (ဘယ်လိုပုံစံ ဘယ်လိုလုပ်ငန်းမျိုးလဲ ဆိုတာကိုလဲပါတာပေါ့နော်) ပြီးတော့ Computers အလုံးအရေအတွက် ဘယ်လောက်များများကို ချိတ်ဆက်မှာလည်းဆို တာတွေအပေါ်မှ မူတည်ပြီးတော့ ကြီးရင်ကြီးသလို၊ ကျယ်ပြန့်ရင် ကျယ်ပြန့်သလို အခက်အခဲ အနည်းငယ်နဲ့ ပညာရှင်အကူအညီတော့ လိုပါလိမ့်မယ်။
Network တစ်ခုကို အကွာအဝေးပေါ်မူတည်ပြီး အဓိက(၃)မျိုးခွဲလို့ရတယ်။ 

(၁) Local Area Network (LAN) 
အရွယ်အစားအားဖြင့် အသေးဆုံးပါပဲ။ ပုံမှန်အားဖြင့်တော့ အဆောက်အဦးတစ်လုံးထဲမှာ ဒါမှ မဟုတ် ခြံဝင်းဧရိယာ တစ်ခုထဲအတွင်းက အဆောက်အအုံများမှာရှိတဲ့ Computerတွေကို ချိတ်ဆက်ထားရုံလောက် အရွယ်ပမာဏပါပဲ။သီဝရီအားဖြင့်တော့မီတာ ၂၅၀၀ အတွင်းတပ် ဆင်ထားတဲ့ ကွန်ရက်မျိုးကို LAN လို့ခေါ်သဗျ။ 


(၂) Metropolitan Area Network (MAN)
အဲသူကတော့ LAN ထက် နည်းနည်းပိုကြီးတယ်ဗျ။ ဒီအမျိုးအစား Network တွေကတော့ 100 Kilometers အကွာအဝေးအတွင်းမှာရှိတဲ့ Computer တွေကို လွှမ်းခြုံချိတ်ဆက်နိုင်ပါ တယ်။ ယနေ့ခေတ် Wimax တွေဟာဆိုရင်လည်း MAN လို့ ပြောလို့ရပါတယ်။ 












(၃) Wide Area Network (WAN)
ကဲသူကတော့ အရွယ်အစားအားဖြင့် အကြီးဆုံးပါပဲ။ ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံမှာရှိတဲ့ Computer တွေ ကုန်ကုန်ပြောရရင် တစ်ကမ္ဘာလုံး အတိုင်းအတာအတွင်းမှာရှိတဲ့Computer တွေကို လွှမ်းခြုံထားနိုင်တဲ့ အထိကြီးပါတယ်။ အဓိက ဥပမာပေးရမယ်ဆိုရင်တော့ အင်တာ နက်ကြီးဖြစ်ပါတယ်။











Notes။     ။Network (3) မျိုးထဲမှာ MAN ကတော့ အနည်းငယ်လောက်ဘဲ တွေ့မြင်နိုင်ပါ တယ်။ များသောအားဖြင့် LANအမျိုးအစား WANအမျိုးအစားရယ်လို့သာ Networksတွေကို ခွဲခြားခေါ်ဆိုကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ ယနေ့ခေတ် တွင်တွင်ကျယ်ကျယ်သုံးနေ ကြတဲ့ Internet ဆိုတာကြီးကလည်း WAN အကြီးစားကြီး ဆိုတာပါပဲ။ 

ခုနကဟာက အရွယ်အစားနဲ့ ခွဲတာပါ။ အခုနောက်တစ်မျိုး ထပ်ခွဲပြပါဦးမယ်။ Domain Model နဲ့ Workgroup Model ဆိုပြီးတော့ပါ။ Domain Model ဆိုတာကတော့ DomainController ပါတဲ့ Network တွေကို ခေါ်တာပါ။ ဒါဆိုရင် Domain Controller ဆိုတာဘာလဲ။ မသိသေး တဲ့လူ ရှားပါလိမ့်မယ်။ ဒါပေမယ့် ခုမှ Network ကိုစပြီး လေ့လာလိုက်စားမယ်လို့ ရည်ရွယ် ထားတဲ့လူများအတွက် ကျွန်တော်ပြောပြချင်ပါတယ်။ Domain Controller ဆိုတာက Microsoft Company က သူတို့ရဲ့ Operating System တစ်ခုဖြစ်တဲ့ WindowsNT Server Version မှာ စတင် ထည့်သွင်း မိတ်ဆက်ပေးခဲ့တဲ့ နည်းပညာတစ်ခုပါ။ ဘယ်နေရာမှာ သုံး တာလဲ။ သူကပြောရမယ်ဆိုရင်တော့ အဆင့်မြင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ Server တစ်လုံးပါပဲ။ ဘာတွေကို စီမံခန့်ခွဲတာလဲ။ ဟုတ်ပါပြီ။ သူက Network တစ်ခုလုံးကို လုံးဝထိန်းချုပ် စီမံနိုင် ပါတယ်။ Network တစ်ခုလုံးအတွင်းက User တစ်လုံးချင်းစီကိုထိန်းချုပ်ထားနိုင်တယ်။ ဒါတင်ပဲလား။ ဘယ်ကမလဲဗျာ... Network တစ်ခုလုံးအတွင်းက Computer တစ်လုံးချင်းစီ ကိုရော တစ်ခြား Printer တို့ Scanner တို့လို Network အတွင်းမှာ ထည့်သွင်းချိတ်ဆက် ထားသမျှ ပစ္စည်းတစ်ခုချင်းကိုလည်း ကောင်းကောင်း ထိန်းချုပ်စီမံခန့်ခွဲနိုင်ပါတယ်။ အဲဒီလို Server (Domain Controller ဖြစ်နေတဲ့ Serverပေါ့နော်) ပါတဲ့ Network မျိုးကို Domain Model လို့ခေါ်ပါတယ်။ ဒီလို Network မျိုးကတော့ နည်းပညာရှင် အကူညီလိုပါလိမ့်မယ်။

နောက်တစ်မျိုးကတော့ Workgroup Model ပါ။ သူ့ကို တစ်ခါတစ်လေကျတော့လည်း peer-to-peer Network လို့ ညွှန်းကြပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Network မှာ Server ဆိုတာမျိုးတွေ မပါလို့ပါပဲ။ Server ဆိုတာကတော့ သိတယ်မလား။ ခုနက Domain Controller လိုမျိုး ကိုယ့် Network  ကို ထိန်ချုပ်ပေးတာမျိုးတွေ၊ ကိုယ့် Network ထဲက User တွေလိုချင်တဲ့သတင်းအချက်အလက်တွေ၊ Software တွေ၊ ပြီးတော့ User တွေ သူတို့ရဲ့ Data တွေကို သိမ်းနိုင်ဖို့ နေရာပြန်ယူတဲ့နေရာ (ပြောရမယ်ဆိုရင် Database လိုမျိုးပေါ့) စတာတွေကို ပေးစွမ်းထောက်ပံ့ပေးနိုင်တဲ့ စွမ်းရည်ပြည့် Computer တွေကို Server လို့ ပြောတာပါ။ ဒီ Workgroup Model မှာတော့ အဲဒီလို Server ဆိုတာမျိုးတွေ မပါဘူးဗျ။ သူတို့က ကိုယ်စီကိုယ်ငှ ကိုယ်နိုင်သလောက် သူများကို ပေးတယ်။ သူများဆီကလည်း သူတို့ပေးနိုင်သလောက်ပဲ ယူတယ်။ ပြောရမယ်ဆိုရင် သူတို့အားလုံးဟာ Same Class ပေါ့ဗျာ။

အချင်းချင်းသူ့ရှိကိုယ်စား၊ ကိုယ်ရှိဖွက်စားအဲလေ.... ဟုတ်ပါဘူး။ လုပ်နေကျတွေပေါ်ကုန်ပြီ။ ဟာ ယောင်လို့တကယ်မထင်နဲ့နော် နောက်တာ။ အချင်းချင်းအပေးအယူ မျှမျှတတပဲပေါ့ဗျာ။  ကိုယ်လိုသလောက်ကလည်း သူပေးသလောက်နဲ့ လောက်တယ်။ ကိုယ်ပေးနိုင်သလောက် နဲ့လည်း သူကအဆင်ပြေတယ်။ ထူးထူးခြားခြား အားလုံးအတွက်လိုက်လုပ်ဆောင်ပေးရမယ့် Hero မျိုး (Server တွေကို ပြောတာနော်) မလိုဘူးပေါ့ဗျာ။ ဒီလို Network မျိုးလောက် ကတော့ တော်ရုံတန်ရုံ Network အကြောင်းကို နားလည်ရုံနဲ့လုပ်ဆောင်နိုင်ပါလိမ့်မယ်။

ဟာ ဒီလိုဆိုရင် တော်ရုံတန်ရုံလောက်ကတော့ Workgroup Model ပဲ ချိတ်ဆက်တော့ မှာပေါ့။ ဘာလို့ ရှုပ်ယှက်ခတ်မယ့် Domain Modelကိုချိတ်တော့မှာလဲ။ မေးစရာရှိလာနိုင် ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်ဖြေလိုက်ပါတော့မယ်။

Domain Modelနဲ့ Workgroup Model နဲ့ ဘာကွာသလဲဆိုတော့ အဓိကကတော့ Advantages မှာ ကွာပါတယ်။ Workgroup Model နဲ့ မဖြစ်နိုင်တာတွေကို Domain Model ကလုပ်နိုင်ပါတယ်။ အရင်ဆုံးပဲ Domain Model ရဲ့ အခရာဖြစ်တဲ့ Domain Controllers တစ်ခုထဲကိုပဲ ကြည့်ပါဦး။ သူတစ်ယောက်တည်းနဲ့တင် (အဲလေ စက်ဆိုတော့ သူတစ်လုံး တည်းနဲ့တင်ပေါ့နော်) Network တစ်ခုလုံးကို ကိုယ့်စိတ်ကြိုက် စီမံခန့်ခွဲနိုင်တယ်။ ဘယ် User က ဘယ်စက်တွေကို ဘယ်အချိန်မှာ သုံးခွင့်ရှိတယ်။ ဘယ်လို Software တွေ သုံးခွင့် ရှိတယ်။ ဘယ်လို Software တွေ သုံးခွင့် မရှိဘူး။ ဘယ် File တွေ Folder တွေကိုတော့ ကြည့်ခွင့်ရှိတယ်။ သုံးခွင့်ရှိတယ်။ ဘယ် File တွေ Folder တွေကိုတော့ကြည့်ခွင့်ရှိတယ်။ သုံးခွင့်ရှိတယ်။ ဘယ် File တွေ Folder တွေကိုကျတော့ ကြည့်ရုံပဲ ကြည့်ရမယ်။ ဘယ် File တွေ Folder တွေကိုတော့ ကြည့်လို့တောင်မရဘူး။ စတာမျိုးတွေကို အဲဒီ Domain Controllers တစ်လုံးတည်းပေါ်မှာတင် စိတ်ကြိုက်စီမံခန့်ခွဲ Configured လုပ်ထားလို့ရတယ်။ အဲဒီလိုလုပ်ထားတာဟာ Network ပေါ်က တစ်ခြား Computers တွေ အားလုံးပေါ်မှာ သွားပြီး  Automatic သက်ရောက်တယ်။  သူတို့ပေါ်မှာ သွားပြီး Configured လုပ်စရာ မလိုတော့ဘူး။ အဲဒါကို Centralized Administration လုပ်နိုင်တယ်လို့ခေါ်တယ်။









ပြီးတော့အဓိက ကောင်းကျိုး အဲဒါကတော့ Software တွေကိုလည်း Computer တစ်လုံးစီ အတွက် ၀ယ်စရာ မလိုတော့ဘူး။ Database Server လို Server မျိုးမှာSoftware တွေကို သိမ်းထားပြီးရင် ဘယ် User က ဘယ် Software ကိုလှမ်းယူရင် ခွင့်ပြုမယ်။ ဘယ် Software ကို လှမ်းသုံးရင် ခွင်မပြုဘူးဆိုပြီး Configured လုပ်ထားရင်ပြီးပြီ။ ပြီးတော့ အဲဒီ Database Server မှာပဲ User တွေရဲ့ Data တွေကို သိမ်းခိုင်းမယ်။ ဘယ် User က Disk Space ဘယ်လောက်ယူ၊ ဘယ် User က Disk Spaceဘယ်လောက်ယူ စတာတွေကို Configured လုပ်ထားလိုက်ပြီးပြီ။

ပွဲသိမ်းပဲ။ အဲဒီတော့ ကိုယ့်ရဲ့ သတင်းအချက်အလက်တွေဟာလည်း အမြဲ Update ဖြစ်နေ မယ်။ ဒီဘက်က Userက သိမ်းလိုက်တဲ့ Data ကို ချက်ချင်းပဲ ဟိုဘက်က တစ်ခြား User တွေက လှမ်းယူနိုင်မယ်။ လှမ်းမြင်နိုင်မယ်လေ။ ဘယ်လောက်မိုက်သလဲ။ Customers တွေ အတွက်ပိုကောင်းတာပေါ့။ ဒါတင်ပဲလား။ ဘယ်ကမလဲ။ တစ်ခြား Printer တွေ၊ Scanner တွေကိုလည်း ဒီအတိုင်းပဲ။ ဘယ် User က Printer ကို သုံးခွင့်ရှိမယ်။ ဘယ် User က Scanner ကို သုံးခွင့်ရှိမယ်။ ဘယ် Userကတော့ သုံးခွင့်မရှိဘူး။ ဒါမျိုးတွေပေါ့။ အများကြီး ကျန်ပါသေးတယ်။ အဲဒါမျိုးကို Centralized Resource Sharing လို့ ခေါ်ပါတယ်။
အဲ လူအများအပြောဆုံး Security ပိုင်းကတော့ကျွန်တော် သိပ်မညွှန်းတောင် မြင်နိုင်ကြပြီ ထင်ပါတယ်။ အပေါ်မှာ ပြခဲ့သလိုပဲ User တွေကိုရော စက်ပစ္စည်းတွေကိုရော ဒီလောက်ထိ အသေးစိတ် စီမံခန့်ခွဲနိုင်နေမှတော့ တော်ရုံ မလိုလားအပ်တဲ့အခွင့်မရှိဘဲ ၀င်ရောက်ခိုးယူ သုံးစွဲတာတွေ ပြင်ပက မဆိုင်သူတွေ ကြားဝင်ပြီး သတင်းအချက်အလက် ခိုးယူမှုဆိုတာတွေ ဟာလည်း အလိုလို ကာကွယ်ထိန်းချုပ်ပြီးသား ဖြစ်နေပြီပေါ့ဗျာ။
ကဲကဲ ဒီလောက်ဆိုရင်တော့ Domain Model ရဲ့ ကောင်းကျိုးတွေကို တော်တော်လေး သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ပြီးတော့လဲ စိတ်ထဲမှာ ဟာ ဒီလိုဆိုရင်Workgroup Model ကျတော့ သုံးစားလိုကော ရပါဦးမလားလို့ ထင်သွားတယ်မလား။ ဒါကတော့ ဒီလိုရှိတယ်ခင်ဗျ။ Workgroup Model မှာလည်း ကောင်းကွက်လေးတွေရှိပါသေးတယ်။ 






အဲ အဓိက အကျဆုံးကတော့ ကုန်ကျစရိတ်ပဲခင်ဗျ။ သူကတော့ Domain Controllers တို့လို Server မျိုးတွေမပါတဲ့အတွက်စွမ်းရည်မြင့်Computers တွေဝယ်စရာမလိုဘူး။ သူလိုကိုယ်လို ပုံမှန်Computer လောက်နဲ့ရတယ်။ သူက Centralized administration အပိုင်းကတော့ လုံးဝမရနိုင်ပါဘူး။  User တစ်ဦးချင်းစီရဲ့ User Name,Password တွေကို အဲဒီ User ကို ပေးသုံးမယ့် Computers တိုင်းမှာ သွားပြီး Configured လုပ်ထားရပါမယ်။ သူကတော့ ကွန်ပျူတာတွေကို အဓိကထားပြီး ချိတ်ဆက်ထားတဲ့ပုံမျိုးဗျ။ ဆိုလိုတာက Data Sharing မှာ ဆိုရင်ဗျာ ဘယ်ကွန်ပျုတာရဲ့ ဘယ် Folder ကို (ဥပမာ ComputerAရဲ့ Youth ဆိုတဲ့ Folderကိုပေါ့ဗျာ) Networkပေါ်မှာ Share ပေးထားပါတယ် ဆိုတာမျိုးပေါ့။ အဲဒါဆို Network ပေါ်က ကွန်ပျူတာတိုင်းက အဲဒီ Share ပေးထားတဲ့ Folder ကို ဘယ် Users မဆို တွေ့နေရမယ်။ No limitation ပေါ့ဗျာ။ သတင်းအချက်အလက်တွေကို Update အဖြစ် အမြဲတမ်း ရနေစေချင်တယ် ဆိုရင်တော့ ဒါကို Neglect လုပ်ထားလိုက်ပေါ့ဗျာ။
အဲ ပြီးတော့ ကောင်းကျိုးတစ်ခု ဒါကတော့ တကယ့်ကို Network တစ်ခုချိတ်လိုက်ပြီဆိုရင် ဘယ်လို Network မဆို ရနိုင်တဲ့ အချက်ပေါ့။ Printer တွေ Scanner တွေကို Shared ပေး ထားနိုင်တယ်။ Network Printer, Network Scanner အနေနဲ့ပေါ့။ ပြီးတော့ စက်တစ်လုံးကို Data သိမ်းဖို့ သက်သက် ဖယ်ထားနိုင်တယ်။ Database Serverမဟုတ်ဘူးနော်။ အဲဒီစက်ရဲ့ Drive တစ်ခုလုံးဖြစ်ဖြစ်ကို Shared ပေးပြီး Network ပေါ်က အဲဒီစက်ရဲ့ Drive တစ်ခုလုံး ဖြစ်ဖြစ်ကို Shared ပေးပြီး Networkပေါ်က တခြားစက်တွေက Data တွေ သိမ်းတာ လှမ်း ယူတာ လုပ်နိုင်တာမျိုးပါ။ Centralized မဟုတ်ပေမယ့် ကောင်းမွန်တဲ့ Resource Sharing ပါ။
သူလဲ Security ကို တော်တော်လေး ထိန်းချုပ်နိုင်ပါတယ်။ စက်တိုင်းမှာ သက်ဆိုင်တဲ့ Users တွေရဲ့ User Name တွေနဲ့Password တွေကိုပဲ Configure လုပ်ထားလျင်မဆိုင်သူတွေ ၀င်ရောက်သုံးစွဲဖို့ လုံးဝမလွယ်ကူပါဘူး။
အဓိကကတော့ ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာ မူတည်ပြီး ကိုယ့်ရဲ့လုပ်ငန်းက ဘယ်လို Model မျိုးနဲ့ ဖြစ်နိုင်မယ်ဆိုတာကို သုံးသပ်သင့်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းက အရမ်းကြီးမားတယ်။
ဝန်ထမ်းတွေကလည်း အများကြီးပဲ။ တစ်ယောက်နဲ့တစ်ယောက်ကို ပေးသုံးမယ့် Computer နဲ့ Resources တွေကလည်း အဆင့်တွေ ပမာဏတွေ မတူဘူး။ အဲဒီတော့ Privacy က အ ရေးကြီးတယ်။ အဲဒါမျိုးဆိုရင်တော့ Domain Model မျိုးနဲ့ ပိုလိုက်ဖက်ပါတယ်။ အဲလိုမဟုတ် ဘူး။ ကျွန်တော်တို့ လုပ်ငန်းမှာကတော့ ၀န်ထမ်းလည်း သိပ်မများပါဘူး။ တစ်ယောက်နဲ့တစ် ယောက်ကြားမှလည်း သုံးစွဲပိုင်ခွင့်တွေက သိပ်မကွာပါဘူး။ Privacy ဆိုတာလည်း ဒီလောက် မလိုပါဘူး။ အရေးကြီးတာ ၀န်ထမ်းအချင်းချင်း သတင်းအချက်အလက်တွေကို ချက်ချင်း ဖလှယ်နိုင်ဖို့၊ Printer တွေ၊ Scanner တွေ Shared လုပ်ပြီးသုံးနိုင်ဖို့။ Shared လုပ်ပိုင်ခွင့် Hard Disk Space များများရဖို့ အဲဒါတွေလောက်ရလျင် တော်ပါပြီဆိုလျင်တော့ စဉ်းစားမနေ နဲ့ Workgroup Model နဲ့သာ ကြိတ်လိုက် အဲလေလုပ်လိုက်။ ဟုတ်ပြီလား။
ကဲကဲစာလည်းတော်တော်ရှည်နေပြီ၊သိပြီးသားတွေများနေလို့ဒီကောင်ဒီလောက်လေးကိုများ ဒါလောက်တောင် ရေးနေရသလားလို့ သိပြီးသား ကိုကို၊ မမတွေက စိတ်ဆိုးသွားကြရင် လည်း တကယ်ကို တောင်းပန်ပါတယ်။ ဒီလောက်အထိ ဖတ်ပြီးတဲ့အချိန်မှာ တစ်စုံတစ်ရာ ဗဟုသုတရသွားလို့ ဆိုပြီး ကျေနပ်ပီတိ ဖြစ်သွားတဲ့ ညီငယ်ညီမငယ်များ ရှိခဲ့မယ်ဆိုလျင်လည်း ကျွန်တော်က ကြည်နူးပီတိ ဖြစ်ရပါတယ်။


Network ထဲမှာ Data တွေဘယ်လိုစီးဆင်းကျသလဲ။


Network တစ်ခုကိုတပ်ဆင်လိုက်ပြီဆိုရင် အဲ့ဒီ Network ထဲမှာ ရှိကြတဲ့ ကွန်ပျူတာတွေ တစ်လုံးနှင့် တစ်လုံးကြား Data Signal တွေကို ပို့ဆောင်ပေးတဲ့နည်းလမ်းတွေရှိပါတယ်။ အဲ့ဒါကို Access Method လို့ခေါ်ပါတယ်။ Access Method ဆိုတာ က ကွန်ပျူတာတွေ ကွန် ယက်ချိတ်ဆက်တဲ့အခါမှာ ချိတ်ဆက်ထားသော Network Cableတွေပေါ်ကနေ ကွန်ပျူတာ တွေတစ်လုံးနှင့်တစ်လုံး Data Signal အချက်အလက်တွေကို ဘယ်လိုပို့ရမလဲ ဆိုတာကို ထိန်းချုပ်ပေးနိုင်သော Method နည်းလမ်းတစ်ခုပဲဖြစ်တယ်။ ဘယ်လိုမျိုးနည်းလမ်းလဲဆိုတော့ တစ်ကြိမ်မှာကွန်ပျူတာတစ်လုံးတည်းကပဲ Data Signal ကို Transmit ပို့လွှတ်ပေးနိုင်ခြင်း ဆိုတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် တစ်ကြိမ်မှာ ကွန်ပျူတာတစ်လုံးကပဲ Data အချက်အလက်တွေ ပို့လို့ရ တယ်။ အကယ်၍များ ကွန်ပျူတာနှစ်လုံးကနေပြီးတော့ Cable ကြိုးပေါ်မှာ တစ်ပြိုင်တည်း တစ်နေရာတည်းသို့ Data Signal တွေ ပို့လွှတ်လိုက်မယ်ဆိုရင် ဘာတွေဖြစ်နိုင်သလဲ။ Collision ဖြစ်နိုင်တာပေါ့။ Collision ဆိုတာက Networkအသုံးအနှုန်းအရ ၀င်တိုက်မိခြင်းပဲ ဖြစ်တယ်။ ဆိုလိုတာက Collision ဆိုတာ ကွန်ယက်တစ်ခုတည်းမှာရှိသော ကွန်ပျူတာ နှစ်လုံးကသော်လည်းကောင်း၊ ကွန်ပျူတာအများကြီးကသော်လည်းကောင်း တစ်ကြိမ်းတည်း တပြိုင်တည်းမှာ Data Signal တွေကို ပို့လွှတ်ကြမယ်ဆိုရင် ကွန်ပျူတာ တစ်လုံးနှင့် တစ်လုံး ဆီက လွှတ်လိုက်သော Data အချက်အလက်တွေဟာ တစ်ခုနှင်တစ်ခု မတိုင်ပင်ပါပဲနှင့် ၀င်တိုက်မိကြကုန်ရော။ ဒါကိုပဲ Collision ဖြစ်တယ်လို့ပြောတာပါ။ 

ဒီတော့ အဲ့ဒီ Collision ဖြစ်တဲ့ အခါကျတော့ Data တွေက လိုရာအရပ်ကို မရောက်တော့ဘဲနဲ့ Data Corrupt ဖြစ်ကုန်ရော။ Data Corrupt ဖြစ်တယ်ဆိုတာက ပို့လွှတ်လိုက်သော Data အချက်အလက်တွေဟာ တစ်စုံတစ်ရာသော အကြောင်းကြောင့် ပို့လွှတ်လိုက်သော နေရာသို့ မရောက်ပဲနှင့် တစ်ပိုင်းတစ်စနှင့် ပြတ်သွားတာကို ပြောတာပါ။ Data Corrupt ဖြစ်တယ်ဆို တာက အဲ့ဒီ Data တွေ ပျက်စီးသွားတာကို ပြောတာပါ။ Data Corrupt ဖြစ်တာကို ဘယ်လို ပြန်ပြီးတော့ ကုစားရမလဲဆိုတော့ ဒီ Access Method က လိုလာပြီလေ။ အဲ့ဒီလိုမျိုး Collision ဖြစ်လို့ Data Corrupt ဖြစ်မသွားအောင်လို့ ဒီ Access Method ကို အသုံးပြု ပြီးတော့ ပြန်ဖြေရှင်းလို့ ရပါတယ်။ အဲ့လိုမျိုးမှ Access Methodကို အသုံးမပြုပဲနှင့် ထားမယ် ဆိုရင် Data Corrupt ဖြစ်သွားမှာပါ။ ပြောရမယ်ဆိုရင် ဒီ Access Method ဆိုတာက ရှင်းအောင်ပြောရရင် ကားလမ်းတွေမှာ ရှိတဲ့ မီးပွိုင့်လိုမျိုးပါပဲ။ ကားလမ်းမီးပွိုင့်ဟာလည်း ဒီလိုများပြားသော ကားလမ်းတွေပေါ်မှာ ဟိုတစ်လမ်းက ထွက်လာလိုက်တဲ့ကားတွေ၊ ဒီတစ် လမ်းက ထွက်လာလိုက်တဲ့ကားတွေ နည်းတာမဟုတ်ဘူး။ လမ်းဆုံလေးခွဆို ပိုတောင် ဆိုးသေးတယ်။ အဲ့ဒီလိုမျိုးနေရာတွေမှာ မီးပွိုင့်သာမရှိရင် ကားတွေဟာ တစ်စီးနှင့်တစ်စီး ၀င်တိုက်မိကြကုန်မှာပေါ့။ Network ကွန်ယက်မှာလည်း ကားလမ်းတွေ၊ ကားတွေ လိုမျိုးဝင်တိုက်မိတာ ဖြစ်တတ်တဲ့ Collision ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီ Network ကွန်ယက်တွေမှာလည်း ကားတွေလိုမျိုး ၀င်တိုက်မိတာတွေကို တားမြစ်နိုင်ဖို့အတွက် မီးပွိုင့်ဖြစ်တဲ့ Access Method ကိုအသုံးပြုရတာ ဖြစ်ပါတယ်။ 

ဒီတော့ Access Method ဆိုတာက ကွန်ပျူတာတွေ ကွန်ယက်ချိတ်ဆက်တဲ့အခါမှာ Data Signal တွေကို Collision ဖြစ်တဲ့အခါကျရင်သော်လည်းကောင်း၊ မဖြစ်အောင်သော်လည်း ကောင်း ကာကွယ်နိုင်ဖို့ အတွက်ပြုလုပ်ထားသော Method နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Network Traffic ကို အဆင်ပြေချောမွတ်စေနိုင်ဖို့အတွက်ထားသော Network Traffic Light တစ်ခုဖြစ်တယ်။ 

Access Method ဟာ Open System Interconnection (OSI) Refrence Model ထဲကမှ Data-Link Layerဖြင့်အလုပ်လုပ်တာဖြစ်တယ်။ ဒီ Access Method မှာမှ ကွန်ပျူတာ Network ကွန်ယက်ချိတ်ဆက်ရာမှာ အသုံးပြုသော

အဓိကနည်းလမ်း ၅ မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့-
၁။   Contention
၂။    Switching
၃။    Polling
၎။    Token Passing
၅။    Demand Priority
အဲ့ဒီထဲက Contention ဆိုတဲ့နည်းမှာမှ CSMA/CD နည်းနှင့် CSMA/CA နည်းဆိုပြီး ၂ ခု ထပ်ခွဲပါတယ်။ Contention ဆိုတာ ဦးရာလူပို့တဲ့စနစ်လို့ဆိုလိုခြင်းတာဖြစ်ပါတယ်။
Network Collision ဖြစ်တာကို Detect လုပ်ပေးနိုင်တယ်။ Collision ဖြစ်မဖြစ်ကို စစ်ဆေး ပေးနိုင်တယ်။ အောက်ကပုံက CSMA/CD ကိုဖော်ပြထားတဲ့ပုံဖြစ်ပါတယ်။






•    Carrier Sense Multiple Access with Collision Avoidance (CSMA/CA) ဖြစ်တယ်။ ဒီ Method ကတော့ AppleTalk Networking တွေမှာအသုံးပြုတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။ CSMA/CA ကတော့ Network Collision ဖြစ်တာကိုမဖြစ်အောင် ရှောင်နိုင်သော Method နည်းလမ်းတစ်ခုဖြစ်တယ်။
•    နောက်တစ်ခုက Token Passing ဖြစ်တယ်။ ဒီ Token Passing ကတော့ Token Ring Netwoking နှင့် FDDIလို့ခေါ်တဲ့  Fiber Distributed Data Interface Networking တို့ကိုချိတ်ဆက်တဲ့အခါတွေမှာ အသုံးပြုတာဖြစ်တယ်။ အောက်ကပုံကတော့ Token Ring ကိုပြထားတဲ့ပုံဖြစ်ပါတယ်။ 








•      Demand Priority ၊ ဒီ Demand Priority ကိုတော့ 100Base VG Networking ချိတ်ဆက်ရာမှာ အသုံးပြုတာ ဖြစ်တယ်။




Polling ကတော့ ရှေးကျတဲ့ Network ချိတ်ဆက်တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ သူ့ကိုအသုံးပြုဖို့ အတွက် Central Device ဆိုတဲ့ Device တစ်ခုရှိရပါတယ်။ အဲ့ဒီကနေမှ Network တွင်း Data ပို့မှုကိုထိန်းချုပ်တာဖြစ်ပါတယ်။




•  Switching ကိုတော့ ယနေ့ခေတ် အများဆုံးအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် Switch ဆိုတဲ့ Device တစ်ခုရှိဖို့တော့လိုအပ်ပါတယ်။ အဲ့ဒီ Switch ကိုအသုံးပြုပြီး Network ကိုချိတ်ဆက်ရမှာဖြစ်ပါတယ်။









 

ဒီသင်ခန်းစာမှာတော့ ဒီလောက်ပါပဲ။ တကယ်တမ်းပြောမယ်ဆိုရင် Access Method တစ်ခု ခြင်းစီမှာမှ အကြောင်းအရာတွေ များစွာကျန်ရှိနေပါတယ်။ ဒါတွေကို ဒီမှာအခုရှင်းပြလည်း သင်နားလည်မှာ မဟုတ်သေးပါဘူး။ ဒီသင်ခန်းစာက Beginner အတွက်ပဲ ရည်ရွယ်တာ ကြောင့် ဒီမှာ Access Method အကြောင်းတွေကို အသေးစိတ်မဖော်ပြထားတာဖြစ်ပါတယ်။ အခုလောလောဆယ် Access Method ၅ မျိုးကိုပဲ သင်ခေါင်းထဲကျန်ခဲ့ရင် ကျေနပ်ပါပြီ။ 

 
 
 
 
ဒါကတော့ YIC က ဆရာဘိုဘို ပြောပြတဲ့ Virtual Box နဲ့ ပတ်သက်တဲ့ အခြေခံ လေးပါ။ အပိုင်း ၁ ပါ။




ဒါကတော့ Virtual Box နဲ့ ပတ်သက်တဲ့ အခြေခံ လေးပါ။ အပိုင်း ၂ ပါ။


Network Frame Type များအကြောင်း


ကဲ...........Network Frame type အကြောင်းတဲ့။ ဘာလဲ ....... Network Frame type ဆိုတာ။
မသိသေးတဲ့သူတွေအတွက်သိသွားအောင် သိပြီးသားသူတွေအတွက်လည်းပိုပြီးရှင်းလင်းသွားအောင် Network Frame type အကြောင်းကိုပြောပြချင်ပါတယ်။ Network တွေမှာ Data တွေကို Node တစ်ခုကနေ တစ်ခု sendလုပ်တဲ့အခါမှာ ၄င်း Data တွေကို Packet Frame လေးတွေအဖြစ် အပိုင်းလေးတွေခွဲပြီးမှ ပို့လွှတ်တာဖြစ်ပါတယ်။
၎င်း Packet လေးတွေကိုတည်ဆောက်တဲ့နေရာမှာ တည်ဆောက်ပုံ Structure အမျိုးမျိုးရှိပါတယ်။ Network Frame type တွေဟာ Network Architecture တွေအလိုက်ကွဲပြားခြားနားကြပါတယ်။ Frame type တွေဟာတစ်ခုနဲ့တစ်ခုမတူညီကြသလို မတူညီတဲ့ Frame type နှစ်ခုကိုလည်း တွဲပြီးအလုပ်လုပ်လို့မရပါဘူး။ ဆိုလိုတာကEthernet ပစ္စည်း(ဥပမာ ၊ ကွန်ပျူတာနှစ်ခု) နှစ်ခုချိတ်ဆက်ဖို့အတွက် တစ်ဖက်နဲ့တစ်ဖက်ဟာ Frame Typeတူညီရပါမယ်။ Frame type မတူလို့ရှိရင် Network မမိပါဘူး။ Ethernet မှာ Frame type လေးမျိုးရှိပါတယ်။
အဲဒါတွေကတော့ Ethernet 802.3 ၊ Ethernet 802.2 ၊ Ethernet SNAP နဲ့ Ethernet II တို့ဖြစ်ကြပါတယ်။Ethernet Frame type တိုင်းရဲ့ Packet အရွယ်အစားဟာ 64 မှ 1518 bytes အတွင်းရရှိနိုင်ပါတယ်။ပုံမှန်အားဖြင့် Network တစ်ခုမှာ Frame type တစ်ခုပဲလိုအပ်ပါတယ်။ ဒါပေသိ File Server လို Database Server လိုမျိုးကြတော့ Frame type တစ်ခုမက support လုပ်နိုင်ဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Server ကိုချိတ်ထားတဲ့  Client တွေထဲက Client တစ်ခုက Frame typeတစ်မျိုးနဲ့ Server ကိုဆက်သွယ်နိုင်သလို အခြား Clientတစ်ခုကလည်း အခြား Frame type တစ်မျိုးနဲ့ ဆက်သွယ်နိုင်တာပဲလေ။ဒီတော့ အဲဒီလို Server မျိုးမှာ Frame type တစ်မျိုးမက support လုပ်နိုင်မှ ဖြစ်မှာပေါ့။ ဒါမှ ဘယ် Client ကဘယ် Frame type နဲ့ဆက်သွယ်ဆက်သွယ် Server က communicate လုပ်နိုင်မှာဖြစ်ပါတယ်။







Ethernet 802.3 Frame type ဟာ Ethernet ရဲ့Original Frame type တစ်ခုဖြစ်ပါတယ်။ Ethernet 802.3 Frame ကို တခါတရံမှာ Ethernet Raw လို့လည်းခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ၄င်း Ethernet 802.3 Frame type ဟာ IEEE 802.3 Specification မပြည့်စုံသေးမှီမှာ ထုတ်လုပ်ခဲ့လို့ဖြစ်ပါတယ်။ ဒါကြောင့်802.3 Frame  ဟာ 802.3 specification နဲ့ comply(လိုက်လျှောညီထွေမှု ) မဖြစ်ပါဘူး။ Ethernet 802.3 Frame ကို Novell Netware 2.X နဲ့ 3.X Network တွေရဲ့ IPX/SPX Network တွေမှာ အသုံးပြုပါတယ်။Ethernet 802.3 Frame ဟာ Novell ရဲ့ IPX/SPX ကိုသာလျှင် support လုပ်နိုင်ပါတယ်။









အထက်ကပုံဟာ Ethernet 802.3 ရဲ့ Frame ဖွဲ့စည်းပုံဖြစ်ပါတယ်။ ၄င်းဟာ Preamble (အစပထမ) 7Bytes နဲ့ SFD လို့ခေါ်တဲ့ Start Frame Delimiter နဲ့ စထားပါတယ်။ SFD ဆိုတာ Frame စပြီဆိုပြီးညွှန်ပြတာဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့နောက်က Destination Address နဲ့ Source Addressကလိုက်လာပါတယ်။ အဲဒီနောက်ကမှ Data လိုက်လာမှာပါ။ နောက်ဆုံးကတော့ CRC လို့ခေါ်တဲ့ CylicalRedundany Check ဖြစ်ပါတယ်။ CRC က ရည်ရွယ်ရာကို Data တွေရောက်တဲ့အခါ ပျက်စီးမှုရှိမရှိစစ်ဆေးပေးတဲ့အပိုင်းဖြစ်ပါတယ်။








Ethernet 802.2 Frame type ဟာ Novell Netware 3.12 နဲ့ 4.X တွေရဲ့ IPX/SPX တွေမှာအသုံးပြုပါတယ်။ ၄င်းဟာ Novell Netware ရဲ့ Default Frame type အမျိုးအစားဖြစ်ပါတယ်။ 802.2Frame ဟာ IPX/SPX နဲ့ FTAM ( File Transfer, Access, and Management ) Protocol တွေကို support လုပ်နိုင်ပါတယ်။ Ethernet 802.2 Frame ဟာ OSI Layer ရဲ့ Logical Link Control (LLC) Layer နဲ့တိုက်ရိုက်ဆက်နွယ်နေပါတယ်။ Ethernet 802.2 Frame မှာ Ethernet 802.3 Frame ရဲ့ Field တွေအားလုံးပါတဲ့အပြင် နောက်ထပ် LLC Header ပါပါရှိပါတယ်။ ဆိုလိုတာက 802.2Header မှာ LLC Header ပါရှိပါတယ်။ LLC Header မှာဆိုလို့ရှိရင်  DSAP field ၊ SSAP field နဲ့ control field ဆိုပြီးပါရှိပါတယ်။ DSAP field မှာ destination service access Point ပါဝင်ပါတယ်။ DSAP ဆိုတာ destination machine မှာအသုံးပြုတဲ့ high level protocol တွေကနေ identify လုပ်ထားတဲ့ တူညီတဲ့ user level address ကိုဆိုလိုတာပါတယ်။ SSAP field မှာ Source service access point ပါရှိပါတယ်။ SSAP ဆိုတာ Source machine မှာအသုံးပြုတဲ့ high level protocol တွေကနေ identify လုပ်ထားတဲ့ တူညီတဲ့ user level address ကိုဆိုလိုတာဖြစ်ပါတယ်။ DSAP field နဲ့ SSAP field တွေရဲ့ Length ကတော့ 1 Byet ( 8 bits ) ရှိပါတယ်။Network တစ်ခုမှာ node တစ်ခုနဲ့ တစ်ခု ဆက်သွယ်ဖို့ရန်အတွက် DSAP နဲ့ SSAP တို့ဟာ တူညီရပါမယ်။Control Field ရဲ့ Length ကလည်း 1 Byte (8 bits) ရှိပါတယ်။










Ethernet SNAP အကြောင်း
SNAP ဆိုတာ Sub Network Address Protocol လို့ခေါ်ပါတယ်။ Ethernet SNAP ဟာ Ethernet 802.2 နဲ့ ပုံစံတူပါတယ်။ ၄င်းဟာ Ethernet 802.2 ကို Enhancements လုပ်ထားတာဖြစ်ပါတယ်။  SNAP Header မှာလည်း LLC Header ပါဝင်ပါတယ်။ ဒါပေမယ့် SNAP Header မှာဆိုရင် protocol identification (protocol type field ) ပိုပြီးပါဝင်လာပါတယ်။ ၄င်း protocol type field ဟာ Frame ရဲ့ Dataပိုင်းကအသုံးပြုထားသော Network Protocol ကိုညွှန်းတာဖြစ်ပါတယ်။ Ethernet SNAP ဟာ IPX/SPX ,TCP/IP , နဲ့ Appletalk Phase 2 protocol တွေကို support လုပ်ပေးပါတယ်။ ဒါပေမယ့် Ethernet SNAP ကိုAppleTalk  protocol တွေကိုအသုံးပြုတဲ့ Apple Macintosh network  တွေမှာ အဓိကအသုံးပြုပါတယ်။





Ethernet II အကြောင်း
Ethernet II ဟာ လည်းပဲ ရိုးရှင်းတဲ့ Frame type အမျိုးအစားပဲဖြစ်ပါတယ်။ သူဟာ Ethernet 802.3 နဲ့ဆင်တူပါတယ်။ Ethernet II Frame ဟာ Ethernet 802.3 Frame နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် Ethernet 802.2 နဲ့တော့ အနည်းငယ်ကွဲပြားမှုရှိပါတယ်။ Ethernet II မှာ မထမ 7 Bytes အစား 8 Bytes ဖြစ်သွားပါတယ်။ ဘာလို့လည်းဆိုတော့ SFD 1 Byte ကို Seperate လုပ်မထားတော့ပဲ  ပေါင်းလိုက်လို့ပါ။နောက်ပြီး Length field အစား Type field ဆိုပြီးဖြစ်လာကာ ၄င်း Type field ဟာ Ethernet SNAP တုန်းကလိုပဲ Frame ရဲ့ Data Section  ဟာမည်သည့် Network Protocol ကို သုံးထားသလဲဖော်ပြတာဖြစ်ပါတယ်။ Ethernet II Frame ဟာ Data field ထဲမှာ LLC Header ကိုအသုံးမပြုပါဘူး။ Ethernet II Frame ဟာ IPX/SPX , TCP/IP နဲ့ AppleTalk Phase 2 Protocol တွေကို support လုပ်နိုင်ပါတယ်။ အထူးသဖြင့်တော့ TCP/IP Network တွေမှာအသုံးများပါတယ်။










ARCnet  အကြောင်း

{Network Essential book မှ Page 263 to 266 (ARCnet Hub နဲ့ ARCnet Cable မပါ)}ကဲဒီတစ်ပတ် Network Frame Type များအကြောင်းကတော့ဒီလောက်ပါပဲ….။အရာရာအဆင်ပြေပါစေဗျာ……။

















Sunday, October 21, 2018

Network Card လမ်းညွှန်


NIC (Network Interface Card) ဆိုတာကတော့ အရှင်းဆုံးနဲ့ အလွယ်ဆုံး ပြောရရင်တော့ဗျာ Computer Hardware device ဒါမှမဟုတ် electronic circuit device လေးလဲဖြစ်ပါတယ်။ NIC ကို Network adapter (သို့) Network Card လို့လည်း အမျိုးမျိုးခေါ်ဝေါ် ကြပါတယ်။ ကျွန်တော်တို့ဟာ Computer ကို တစ်လုံးတည်း သီးသန့်အသုံးပြုမယ် (Stand alone အသုံးပြုမယ်) ဆိုရင်တော့ NIC Card မလိုအပ်ပါဘူး။ အဲ....... ကျွန်တော်တို့က Computerတွေကို တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်အသုံးပြုမယ် ဆိုရင် (ဥပမာဗျာ Network ချိတ်ဆက်မယ်ဆိုရင်ပေါ့) NIC Cardဟာ မရှိမဖြစ် လိုအပ်လာပါပြီ။ အခုနောက်ပိုင်း Computer တွေရဲ့ Motherboard တွေမှာ Network Card တွေဟာ built-in ပါရှိပါတယ်။ Network Card ကို သီးသန့် စိုက်ပေးစရာမလိုပါဘူး။ Built-in Network Card ကိုပဲအသုံးပြုတော့မယ်ဆိုရင်တော့ ၄င်း Motherboard CD နဲ့ပဲ Network Card driver ကိုတင်ပေးပြီးတော့ Network ချိတ်ဆက်အသုံးပြုရ မှာဖြစ်တယ်။  ဒါပေမယ့်လို့ မိမိရဲ့ Computer မှာ Network Card က built-in မပါရှိပါဘူးဆိုရင်တော့ သီးခြား Network Card ကို မိမိ Motherboard ရဲ့ PCI SLOT မှာ စိုက်ပြီးအသုံးပြုရမှာဖြစ်ပါတယ်။ Network Card ၀ယ်တဲ့အခါမှာ Network Card driver CD တခါတည်း ပါရှိပါတယ်။ ၄င်း CD နဲ့ပဲ Network Card driver တင်ပေးပြီး Network ချိတ်ဆက်လို့ရပါပြီ။ ကျွန်တော်တို့ အနည်းဆုံး Computer နှစ်လုံး ချိတ်မယ်ဆိုရင်တောင်မှ NIC Card မရှိပဲနဲ့ ချိတ်ဆက်လို့မရပါဘူး။ ဒါကြောင့်မို့လို့ Network အတွင်းမှာရှိတဲ့ Computer တွေအချင်းချင်း ချိတ်ဆက်ကြ တော့မယ်ဆိုရင် NIC Card ဟာ မသုံးမဖြစ်အသုံးပြုရမယ့် device လေးပဲဖြစ်ပါတယ်။ ကဲ ဒီလောက်ဆိုရင်တော့ NIC Card အသုံးဝင်ပုံကို သိလောက်ပါပြီနော်။

Network Interface Card အမျိုးအစားများ






အခုဆိုလို့ရှိရင် NIC Card အမျိုးအစားတွေကတော့ အမြောက်အများပေါ်ထွက်နေတာပါပဲ။ Network Card အားလုံးမှာတော့ အားသာချက်ရှိသလို အားနည်းချက်တွေလည်းရှိပါတယ်။ Network Card ၀ယ်တော့မယ်ဆိုရင်တော့ ကိုယ်အသုံးပြုတဲ့ Network နဲ့ မိမိ အလိုရှိတဲ့ Speed ပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူကြရမှာ ဖြစ်ပါတယ်။ အခု ကျွန်တော်ကတော့ Computer လောကမှာအသုံးများနေတဲ့ NIC Card အမျိုးအစားအချို့ကို ဖော်ပြပေးလိုပါ တယ်။ အဲဒါတွေကတော့
-  D-Link
- Realtek
- 3 com
- Prolink
-Broadcom တို့ပဲဖြစ်ပါတယ်။

D-Link NIC Card











D-Link Network Card ဟာ Computer လောကမှာ အသုံးများတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ D-Link ဟာ 10/ 100 Ethernet တွေအပြင် Gigabit Ethernet နဲ့ Wireless network တွေအထိ Support လုပ်ပေးနိုင်ပါတယ်။ (D-Link Network Card တွေဟာ ဆိုလို့ရှိရင် Microsoft Windows 3.11 ကနေပြီး ဘယ် Windows OS မဆို Support လုပ်ပေးနိုင်ပါတယ်။) D-Link မှာဆိုလို့ရှိရင်  D-Link Desktop adapter,USB Network adapter နဲ့ Wireless Network တွေရရှိနိုင်ပါတယ်။


Realtek NIC Card







Realtek Network ဟာလည်းပဲ လူသုံးများတဲ့ Network Card အမျိုးအစားပါပဲ။ Realtek Network Card တွေဟာ 10 Mbps Ether တွေကနေပြီး 1000 Mbps Gigabit Ethernet တွေအထိ Support လုပ်ပေးနိုင်ပါတယ်။ Realtek Network တွေဟာ အခြား Card တွေထက်လည်း ဈေးနှုန်းချိုသာစွာ ရရှိနိုင်ပါတယ်။ Realtek မှာလည်းပဲ Desktop NIC, USB NIC နဲ့ Wireless NIC တွေ ရရှိနိုင်ပါတယ်။


3 Com NIC Card











3 Com Network Card တွေကလည်းပဲ 10 Mbps Ether ကနေ 100Mbps fast Ethernet ၊100Mbps Gigabit Ethernet တွေ အထိ Support လုပ်ပေးနိုင်ပါတယ်။ 3 Com Network Card တွေအခြား Card တွေထက်တော့ ဈေးပိုကြီးပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့တော့ 3 .Com ကို အသုံးပြုတာနည်းပါတယ်။


Prolink NIC Card












Prolink NIC Card ဟာ 10Mbps Ethernet ကနေပြီးတော့ 1000Mbps Fast Ethernet တွေအထိ Support လုပ်ပေးနိုင်ပါတယ်။ Prolink Network ကိုလည်းပဲ လူသုံးများကြပါတယ်။ Prolink မှာလည်းပဲ Desktop Network Card, USB Network Card နဲ့ Wireless Network Card တွေကို ရရှိနိုင်ပါတယ်။

Broadcom NIC Card













Boardcom Network Card တွေဟာဆိုလို့ရှိရင် Ethernet 100 Mbps Fast Ethernet နဲ့ Gigabit Ethernet တွေကို Support လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့တော့ Broadcom Network Card တွေကို လူသုံးသိပ်မများပါဘူး။ဘာဖြစ်လို့လဲဆိုတော့ Broadcom Network Card တွေဟာ အခြားNIC Card တွေထက် ဈေးနှုန်းကပိုကြီးလို့ပါပဲ။