Sunday, December 9, 2018

EPU - Energy Processing Unit အကြောင်း









ကဲ ဒီတစ်ခါတော့ Online ICT Reader ပရိသတ်ကြီးကို တင်ပြမိတ်ဆက်ပေးချင်တာကတော့ ASUS Company ကထုတ်လုပ်တဲ့ Motherboard တွေမှာ ပါဝင်သော နည်းပညာတစ်ခုဖြစ်တဲ့ EPU (Energy Processing Unit) အကြောင်းပဲ ဖြစ်ပါတယ်။ ဒီနည်းပညာ အကြောင်းကို သိပြီးသား သုံးဖူးပြီးသား လူတွေလည်းရှိမှာ ဖြစ်သလို ကြားဖူးပေမယ့် သေသေချာချာ မသိသေးတဲ့ လူတွေလည်း ရှိနေမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တတ်နိုင်သလောက် ရှာဖွေတင်ပြပေးလိုက်ပါတယ်။ EPU (Energy Processing Unit) ဆိုတာဟာ ပြောရမယ်ဆိုရင်တော့ တကယ်ကောင်းတဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကွန်ပျူတာတစ်လုံးရဲ့ စွမ်းဆောင်ရည်ကို လျော့ကျသွားတာမျိုးမရှိဘဲနဲ့ Power အသုံးပြုမှုကို ထိရောက်စွာ လျော့ကျစေနိုင်လို့ပါပဲ။ ဒီနည်းပညာကို ASUS ဟာ ၂၀၀၅ ခုနှစ်ကတည်းက စတင် စမ်းသပ်ထုတ်ဖော်နေခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလောက်မှာ ပထမဆုံး EPU နည်းပညာသုံး Motherboard များကို ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ ပိုမို သာလွန်ကောင်းမွန်တဲ့ EPU နည်းပညာ ဒုတိယမျိုးဆက် ဖြစ်တဲ့ EPU II - 6 Engine နည်းပညာထည့်သွင်းတည်ဆောက်ထားတဲ့ Motherboard များကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။
နောက်ဆုံး EPU နည်းပညာ ဒုတိယမျိုးဆက်  ဖြစ်တဲ့ 6 Engine နည်းပညာဟာဆိုရင် ကွန်ပျူတာတစ်ခုလုံးမှာပါဝင်တဲ့ အစိတ်အပိုင်းအားလုံး (System Unit အတွင်းမှာ ပါဝင်တာများကိုသာပြောတာနော်) ရဲ့ လက်ရှိအလုပ်လုပ်နေတဲ့ နှုန်းကို Auto Detect လုပ်ပါတယ်။ တွေ့ရှိချက်တွေကို အခြေခံပြီး အလုပ်လုပ်နေတဲ့ နှုန်းနဲ့လိုက်လျောညီထွေဖြစ်မယ့် Power ပမာဏကို အသုံးပြုခွင့်ပေးလိုက်ပါတယ်။ ဆိုလိုတာက ကွန်ပျူတာဟာ ဘာမှ ထွေထွေထူးထူး လုပ်ဆောင်နေတာမျိုးမရှိဘူး ဆိုတဲ့အချိန်မှာ Power အသုံးပြုမှုဟာလည်း သိပ်လိုအပ်မှာမဟုတ်ပါဘူး။ အဲဒီလို အချိန်မှာ EPU ဟာ လိုအပ်သလောက် Power ပမာဏကို Auto တွက်ချက်ပြီး အဲဒီ Power ပမာဏနဲ့သာ ကွန်ပျူတာကို ဆက်လက်လည်ပတ်စေမှာဖြစ်ပါတယ်။ Power တွေ မလိုအပ်ဘဲနဲ့ ကုန်ဆုံးမှုကို တားဆီးပေးပါတယ်။ ဒါ့အပြင် အဲဒီလို လည်ပတ်နေစဉ်မှာပဲ ကွန်ပျူတာဟာ အလုပ်တစ်ခုပေါ်လာလို့ Heavy Loading လုပ်ရတော့မယ်ဆိုရင်လည်း EPU ဟာ Auto Detect ချက်ချင်းသိရှိမှာဖြစ်ပြီး လိုအပ်သလောက် Power ပမာဏချက်ချင်းရရှိအောင် စီစဉ်ပေးနိုင်ပါတယ်။
 Power Saving Mode ကနေ ချက်ချင်းပဲ Overclocking အခြေအနေမျိုးထိကို လုံးဝတည်ငြိမ်စွာနဲ့ ထိန်းကျောင်းပေးနိုင်ပါတယ်။ ကွန်ပျူတာဟာ လုံးဝ Stable အခြေအနေ မျိုးနဲ့ ဆက်လက် Running ဖြစ်နေမှာဖြစ်ပါတယ်။ Heavy Loading တွေ ပြီးသွားလို့ Overclocking အခြေအနေကို ကျော်လွန်သွားပြီ၊ ဘာမှ ထွေထွေထူးထူး လုပ်စရာ မရှိတော့ဘူးဆိုရင်လည်း ချက်ချင်း Power Saving Mode ကို ပြန်လည် ကူးပြောင်းပေးနိုင်ပါတယ်။ အဲဒီတော့ ကွန်ပျူတာမှာ Power လေလွင့်မှုကို လုံးဝနီးပါး လျော့ကျစေပါတယ်။ ASUS ရဲ့ အဆိုအရ EPU II - 6 Engine နည်းပညာသုံး Motherboard တွေဟာ Power လေလွင့်မှုကို ၈၅% အထိ လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ EPU နည်းပညာဟာ Motherboard ပေါ်မှာ ပါဝင်ဖွဲ့စည်းထားတဲ့ Chip လေးတစ်ခုလို့လဲ တချို့လူတွေကအလွယ်မြင်ရင်မြင်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းမှာက အဲဒီ Chip လေးဟာ Motherboard ပေါ်မှာလာရောက်ဆက်သွယ်မယ့် အစိတ်အပိုင်းအားလုံး ပြောရမယ်ဆိုရင် CPU ၊ Memory ၊ Graphic Card ၊ တခြား Chipset တွေ ၊ Hard Drive တွေ ၊ နောက်ဆုံး Cooling Fan တွေကအစ အားလုံးနဲ့ ချိတ်ဆက်ထားတဲ့ Main Controller တစ်ခုလို့ ပြောမယ်ဆိုရင်တောင်ရပါတယ်။ ချိတ်ဆက်ပြီးဘာလုပ်တာလဲ ၊ ဘာလုပ်ဖို့ချိတ်ဆက်ထားတာလဲ ဆိုရင် ခုနက အပေါ်မှာပြောခဲ့သလို ကွန်ပျူတာတစ်ခုလုံးရဲ့ တကယ့်တကယ် အလုပ်လုပ်နေတဲ့ နှုန်းကို အမှန်အတိုင်း တိုင်းတာသိရှိနေဖို့ရယ်၊ အဲဒီ အလုပ်လုပ်နေတဲ့ နှုန်းတွေနဲ့ လုံးဝလိုက်လျောညီထွေ ဖြစ်စေမယ့် Stable Running ဖြစ်စေနိုင်မယ့် Power ပမာဏကို အတိအကျသိရှိနိုင်ဖို့ရယ်၊ ပြီးတော့ အဲဒီ Power ပမာဏနဲ့ပဲ ကွန်ပျူတာကို Stable Running ဖြစ်နေအောင် ထိန်းကျောင်းပေးနိုင်အောင်လို့ရယ် အဲဒီ အချက်တွေကြောင့် ချိတ်ဆက်ထားတာဖြစ်ပါတယ်။
ကဲဒီလောက်ဆိုရင်တော့ AUSU ရဲ့ EPU နည်းပညာ အကြောင်းကို တော်တော်လေး သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ Online ICT Reader ပရိသတ်ကြီးလည်း Power လေလွင့်မှုတွေကို ထိန်းချုပ်ချင်တယ် ဆိုရင် EPU နည်းပညာဟာ ထည့်သွင်း စဉ်းစားသင့်တဲ့ ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်တယ်ဆိုတာ သဘောပေါက် လောက်ပါပြီနော်။ ဒီတော့ ကျွန်တော့ရဲ့ ဆောင်းပါးလေးကိုလည်း ဒီနားမှာပဲနားမယ်နော်။ Online ICT Reader ပရိသတ်ကြီး IT ဗဟုသုတ ပေါများကြွယ်ဝနိုင်ကြပါစေ။



No comments:

Post a Comment